ဂုဏ်တော်ပွားများနည်း
ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် မလွဲမသွေ အမြဲတမ်း လုပ်ဆောင်ရမည့် အလုပ်သုံးမျိုးရှိ၏။ ယင်းအလုပ်များမှာ _
ဗုဒ္ဓဘာသာဝင် အများစုသည် ဒါနမှု၊ သီလမှုများကိုသာ အလုပ်များကြ၏။ ဘာဝနာမှုကိုကား လူတိုင်းမလုပ်ဖြစ်ကြပေ။ ဗုဒ္ဓဘာသာဝင်များသည် ယင်းအလုပ်သုံးမျိုးစလုံးကိုပင် နေ့စဉ်မှန်မှန် ပြုလုပ်သင့်၏။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ကား နိဗ္ဗာန်ဖြစ်၏။ ယင်းနိဗ္ဗာန်ပန်းတိုင်သို့ ရောက်ရေးအတွက် အဓိက လိုအပ်ချက်မှာ ဘာဝနာမှုပင် ဖြစ်၏။ ထို့ကြောင့် ဒါနမှု၊ သီလမှု အလုပ်ဖြင့်သာ တင်းတိမ်ရောင့်ရဲ မနေဘဲ ဘာဝနာမှုကိုလည်း နေ့စဉ်အချိန်မှန်မှန် အားထုတ်သင့်၏။
ဘာဝနာမှုသည်လည်း သမထဘာဝနာ၊ ဝိပဿနာဘာဝနာ နှစ်မျိုးရှိရာ ဗုဒ္ဓါနုဿတိ (ဂုဏ်တော်များကို ပွားများအားထုတ်ခြင်း) စသည်မှာ သမထဘာဝနာဖြစ်၏။ မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ သံဃာတော်၏ ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် အာရုံပြုနေခြင်း၊ အောက်မေ့ဆင်ခြင်နေခြင်းသည် ဂုဏ်တော် ပွားများခြင်း ဖြစ်၏။ ဂုဏ်တော်ကို သတိရနေသော စိတ်တွေ များပြားအောင် တိုးပွားအောင် ပြုလုပ်ခြင်း ပင်တည်း။
ဂုဏ်တော်မပွားများမီ ရှေးဦးစွာ အရဟံ အစရှိသော ဂုဏ်တော်တစ်ပါးစီ၏ ပါဠိအနက်တို့ကို နှုတ်တက်ရအောင်ကျက်၍ ကြေနေအောင် လေ့ကျင့်ထားရမည်။ ထို့နောက် ဂုဏ်တော်တစ်ခုစီ၏ အဓိပ္ပါယ်ကို သဘောပေါက်အောင် လေ့လာထားရမည်။ ဂုဏ်တော်များကို နှုတ်ရအာဂုံဆောင်၍ အနက်အဓိပ္ပါယ်ကို သဘောပေါက်နားလည်ပြီးပါက အောက်ပါအစီအစဉ်အတိုင်း ပွားများခြင်းကို ပြုရမည် -
(၁) နေရာရွေးချယ်ခြင်း - ဂုဏ်တော်ပွားများခြင်း - ဘာဝနာအလုပ်သည် စိတ်အလုပ်ဖြစ်၍ စိတ်ကို အနှောင့်အယှက် ဖြစ်စေမည့် ကာလ ဒေသ မဖြစ်ရန် လို၏။ ဂုဏ်တော်ပွားများခြင်းသည် သမာဓိ ဦးစီးရသော အလုပ်ဖြစ်၍ ဆိတ်ငြိမ်မှုကို ရနိုင်သည့် ကာလ ဒေသ ဖြစ်ရမည်။
(၂) သီလဆောက်တည်ခြင်း - သီလဆောက်တည်ပြီးမှ သမာဓိအလုပ်ကို လုပ်ရသည်။ ထို့ကြောင့် ငါးပါးသီလကို ဖြစ်စေ၊ ရှစ်ပါးသီလကို ဖြစ်စေ၊ ဆယ်ပါးသီလကို ဖြစ်စေ ဆောက်တည်ပြီးလျှင် အထူးကြောင့်ကြစိုက်၍ မကျိုးမပေါက်ရအောင် စောင့်ထိန်းရမည်။
(၃) ခန္ဓာကိုယ်ကို လှူဒါန်းခြင်း - သီလဆောက်တည်ပြီးလျှင် အောက်ပါအတိုင်း မြန်မာလို ဖြစ်စေ၊ ပါဠိလို ဖြစ်စေ သုံးကြိမ်ရွတ်ဆို၍ ခန္ဓာကိုယ်ကို ဘုရားရှင်အား လှူဒါန်းရမည် -
“ဣမာ, ဟံ ဘဂဝါ အတ္တဘာဝံ တုမှာကံ ပရိစ္စဇာမိ”
(၄) တရားထိုင်ခြင်း - တရားအားထုတ်သည့်အခါ ယောက်ျားများသည် တင်ပျဉ်ခွေထိုင်၍ အမျိုးသမီးများသည် ကြုံ့ကြုံ့ထိုင်၍ အားထုတ်ရမည်၊ ထိုင်သည့်အခါ ကြာကြာထိုင်နိုင်ရန် ကိုယ်အထက်ပိုင်းကို ဖြောင့်ဖြောင့်မတ်မတ်ထား၍ (ခါးဆန့်၍) ထိုင်ရမည်။
(၅) ဂုဏ်တော်ပွားများခြင်း - ဂုဏ်တော်များကို ကြိုတင်ကျက်မှတ်ထားသည့်အတိုင်း ဂုဏ်တော် တစ်ပါးတည်းကို ဖြစ်စေ၊ အရဟံ - အစ ဘဂဝါ - အဆုံး ဂုဏ်တော်ကိုးပါးလုံးးကို ဖြစ်စေ မိမိနှစ်သက်သလို စိတ်ဖြင့် ဆင်ခြင်ပွားများရမည်၊ (နှုတ်က မရွတ်ဆိုရ)။ ဤကဲ့သို့ ထပ်ကာထပ်ကာ ဆင်ခြင်ပွားများနေခြင်းကို ဂုဏ်တော်ပွားများသည်ဟု ခေါ်၏။ မိမိစိတ်ကို ဘုရားဂုဏ်တော်အာရုံမှ တပါး အခြားအာရုံဆီသို့ မရောက်စေရ။
နိဗ္ဗာနမဂ္ဂဒီပနီကျမ်း၌မူ - မိမိရှေ့တည့်တည့် ငါးတောင်ကွာခန့်အရပ်၌ ဗောဓိပင်ရွှေပလ္လင်နှင့် သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ဖြင့်ထား၍ အရဟံ အရဟံ ဟု စိတ်ဖြင့် စီးဖြန်းပွားများရမည်ဟု မိန့်ဆို၏။ အရဟံကို အာရုံပြုပွားများရာ၌လည်း ‘အရဟံ, အ-ရဟံ, အရ-ဟံ’ ဟူ၍ သုံးမျိုးရှိရာ အာရုံမထွေပြားရအောင် တစ်ချိန်တစ်ချိန်ဘာဝနာမှု အားထုတ်ရာတွင် တစ်မျိုးတည်းကိုသာ ပွားများသင့်၏။ ထို့အတူပင် ကျန်ဂုဏ်တော်များတွင်လည်း မိမိနှစ်သက်သည့် ဂုဏ်တော်အဓိပ္ပါယ်တစ်ခုခုကို မိမိစွမ်းနိုင်သမျှ ပွားများရမည်။
ထိုကဲ့သို့ အရဟံ- အစ ဘဂဝါ- အဆုံးရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် ပွားများနေသူ၏ သန္တာန်၌ ရာဂ ဒေါသ မောဟစိတ်များ ဝင်ခွင့်မရ၊ ထကြွခွင့်မရှိ၊ စိတ်သည် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းအာရုံ၌သာ စူးစိုက်ဖြောင့်မတ်နေ၏။ အိပ်ချင်ထိုင်းမှိုင်းမှု၊ သို့လော သို့လော သံသယစိတ်ဝင်မှုစသော ဟန့်တားပိတ်ဆို့မှု (နီဝရဏ) များလည်း ကင်းကွာနေသဖြင့် စိတ်သည် ဂုဏ်တော်၌သာ နစ်မြုပ်လျက်ရှိ၏။ ဂုဏ်တော်၏ သဘောအဓိပ္ပါယ်ကိုသာ ဆုပ်ကိုင်၍ အထပ်ထပ် စဉ်းစားကြံစည်မှု၊ သုံးသပ်ဆင်ခြင်မှု (ဝိတက်, ဝိစာရ) များ ဖြစ်ပေါ်လာတော့၏။
မြတ်စွာဘုရားဂုဏ်ကိုသာ ကြံစည်သုံးသပ်နေသူအား တလှိုက်လှိုက် ကျေနပ်ခြင်း နှစ်သက်ခြင်း ပီတိတရားများ၊ ငြိမ်းအေးခြင်း ပဿဒ္ဓိတရားများ ဖြစ်လာပြီး ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးလာ၏ (ပီတိ၊ ပဿဒ္ဓိ)။ ကိုယ်စိတ်ငြိမ်းအေးပြီးနောက် ကိုယ်စိတ်နှစ်ပါး ချမ်းသာလာ၏ (သုခ)။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလာသဖြင့် ဘုရားဂုဏ်အာရုံတစ်ခုတည်း၌ စူးစိုက် တည်တံ့နေသော သမာဓိတရား (ဥပစာရသမာဓိ) ခိုင်မြဲလာ၏။ ဤကား သမထတရားများကို ရှုပွားသူတိုင်း ဖြစ်ပေါ်မြဲဖြစ်သော ပထမဈာန်အင်္ဂါတရား ငါးမျိုးဖြစ်၏။
သမာဓိ မရသေးမီကာလတွင် ဂုဏ်တော် တစ်ပါးတည်းကိုသာ စွဲမြဲစွာ အထပ်ထပ် ပွားများသင့်၏။ သို့မှသာ စိတ်တည်ငြိမ်၍ လွယ်ကူစွာ သမာဓိရနိုင်သည်။
ဗုဒ္ဓါနုဿတိဘာဝနာပွားများခြင်းကြောင့် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါငါးပါးတို့ တပြိုင်နက် ဖြစ်သွားလာကြသည် ဆိုသော်လည်း ဂုဏ်တော်တို့သည် လေးနက်သော ပရမတ္ထသဘာဝများ ဖြစ်သည့်အပြင် အာရုံပြု၍ မကုန်နိုင်အောင်လည်း ကြီးကျယ်များပြားလှသောကြောင့် ပထမဈာန် စသော အပ္ပနာဈာန်များကိုမူ မရရှိစေနိုင်၊ ဂုဏ်တော်တို့ကို ပွားများ၍ ဖြစ်ပွားလာသော သမာဓိသည် ဈာန်ကို ရစေနိုင်လောက်အောင် ခိုင်မာတည်တံ့ခြင်းမရှိ၊ ထို့ကြောင့် ဈာန်၏ အနီးအပါး (ဥပစာရ) ရောက်ရှိရုံမျှသာ အားရှိ၍ ဥပစာရသမာဓိဟု ခေါ်၏။
ထိုဥပစာရသမာဓိမျှဖြင့်လည်း ဝိပဿနာကို ဆက်လက်ရှုပွားပါက အရဟတ္တဖိုလ်အထိ ရောက်ရှိနိုင်သည်သာ ဖြစ်၏။ ဗုဒ္ဓါနုဿတိမှ ဝိပဿနာသို့ ကူးပြောင်းပွားများပုံမှာ ဂုဏ်တော်ပွားများ၍ ဖြစ်ပေါ်လာသော ပီတိ (တလှိုက်လှိုက် နှစ်သိမ့်မှု၊ ကြက်သီးတဖြန်းဖြန်းထမှု) ၏ အမြဲမရှိ ပျောက်ကွယ်သွားပုံ (ခယ၊ ဝယ) တို့ကို ရှုပွား၍သော်လည်းကောင်း၊ ထိုမှတပါး မိမိအသိဉာဏ် ရှင်းလင်းလွယ်ကူရာ ခန္ဓာကိုယ်ရှိ ရုပ်နာမ်တို့၏ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတစ်ခုခုကိုသော်လည်းကောင်း ရှုပွားလျှင်လည်း ဝိပဿနာ ကူးပြောင်းရှုပွားခြင်း ဖြစ်တော့၏။
ဗုဒ္ဓါနုဿတိဘာဝနာ၏ ဂုဏ်ကျေးဇူးများ
ဂုဏ်တော်ကို ပွားများသဖြင့် ရရှိလာသော သမာဓိသည် ဥပစာရ သမာဓိမျှလောက်သာ ဖြစ်သည်ဆို၍ အထင်မသေးသင့် -
🙏 ဂုဏ်တော်ပွား၍ ဖြစ်ပေါ်လာသော ပီတိသည်ပင် စကြဝတေးမင်း စည်းစိမ်နှင့် မလဲနိုင်အောင် အကျိုးကြီးမားလှ၏။
🙏 သမထကမ္မဋ္ဌာန်းလေးဆယ်တွင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် စီးဖြန်းပွားများသူ၏ လိုရာဆန္ဒ တောင့်တသမျှ ပြည့်ဝစေနိုင်၏။
🙏 စိတ်ကို ရွှင်လန်းတက်ကြွအောင်၊ (စာကျက်လို့ ရလွယ်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း စသော) သတိ, ပညာနှင့် သဒ္ဓါတရား တိုးပွားအောင် ပို့ဆောင်ရာ၌ ဗုဒ္ဓါနုဿတိ ဘာဝနာသည် အင်အားအကြီးမားဆုံး၊ အာနိသင်အကြီးမားဆုံး ဖြစ်သည်။
🙏 ဗုဒ္ဓါနုဿတိပွားများသူသည် ကိလေသာအညစ်အကြေးများ ကင်းဝေးနေသူ၊ ဘုရားဂုဏ်ရည်အသွေးများ စုဝေး ကိန်းအောင်းနေသူဖြစ်၍ ဂန္ဓကုဋီကျောင်း စေတီသဖွယ် အပူဇော်ခံထိုက်သူ၊ အများ၏ ရိုသေလေးစားခြင်းခံရသူ ဖြစ်၏။
🙏 ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် အမြဲထိတွေ့ကာ အတူတကွ နေရသူကဲ့သို့ ဖြစ်၍ မကောင်းမှုကိစ္စမှန်သမျှ ပြောဆိုပြုမူရန် မဆိုထားဘိ၊ စိတ်ကူး၌မျှပင် မထည့်ရဲအောင် ရှက်ကြောက် တွန့်ဆုတ်လာ၏။
အချုပ်အားဖြင့် တလောကလုံးတွင် အတိုက်အခိုက် ဘေးရန်ဟူသမျှ အတုမဲ့အောင်ပွဲခံ၍ ကောင်းခြင်းဂုဏ်မှန်သမျှ စုဝေးကိန်းအောင်းရာသည် အတုမရှိသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး သာလျှင် ဖြစ်၍ တလောကလုံးက ဦးညွတ်ရသကဲ့သို့ ဘုရားဂုဏ်တော်တို့ကို ပွားများထုံမွန်း နေသူအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများကား ဤရွေ့ ဤမျှသာဟု ကန့်သတ်ပြောဆို၍ မရ၊ ကောင်းကျိုးအနန္တပင်တည်း။
ထို့ကြောင့် ကမ္မဋ္ဌာန်းဘာဝနာ ဝိပဿနာတရား အားထုတ်သူတိုင်း ဤဗုဒ္ဓါနုဿတိဘာဝနာကို မပွားများဘဲ မနေရ၊ အခြေခံ မ, တည် ကမ္မဋ္ဌာန်းအဖြစ် အခြား ဘာဝနာတရား အားမထုတ်မီ ပထမဆုံးပင် အားထုတ်ကြရ၏။ ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းအပြင် -
ဗုဒ္ဓဘာသာဝင်တိုင်း၊ ကမ္မဋ္ဌာန်း အားထုတ်သူတိုင်း (အခြား ကမ္မဋ္ဌာန်းများ အားမထုတ်မီ) ဦးစွာလည်း ပွားများကြရ၏။ လက်မလွတ်တမ်း အမြဲတမ်းလည်း ပွားများနေကြရသည်။ ‘စတုရာရက္ခတရား လေးပါး’ ဟု ခေါ်၏။ လေးဘက်လေးတန် တံတိုင်းကြီးသဖွယ် အစောင့်အရှောက် အကာအကွယ်ကြီး လေးမျိုးဟု ဆိုလိုသည်။
ဤမျှ အကျိုးကြီးမားမြင့်မြတ်လှသော ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကြီးကို ချမ်းသာကြီးပွား လိုသူတိုင်း လူကြီး လူငယ်မရွေး ကြိုးစား အားထုတ် သင့်လှပေတော့၏။
ဤ “ဂုဏ်တော်ပွားများနည်း” တရားတော်ကို နိုင်ထိုက်အောင်မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် ဒီဂျစ်တယ်အက္ခရာတင်၍ စက်တင်ဘာ (၆) ရက်နေ့တွင် လွှင့်တင်ပူဇော်သည်။
ရည်ညွှန်း - ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ၊ သာသနာရေးဝန်ကြီးဌာန (၁၉၉၆) ၊ “ဗုဒ္ဓဘာသာ တရားတော် (အထက်တန်းအဆင့်)” ၊ သာသနာရေးဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက် ၊ စာမျက်နှာ (၁၆၆-၁၇၁)။

Comments
Post a Comment